H1N1 ခေါ် ပြင်းထန်တုပ်ကွေး နှင့်ပတ်သက်၍ ...

H1N1 တုပ်ကွေးဟာ H1N1တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်အမြှေးပါးတွေကတစ်ဆင့် ကူးစက်တတ်ပါတယ်။ H1N1 တုပ်ကွေးဟါ ၂၀၀၉ ခုနှစ်က ကမ္ဘာမှာ ကပ်​​ရောဂါအသွင်​ ဖြစ်​ပွားခဲ့ကာ အဲဒီ​နောက်​ပိုင်းမှာလည်း ဆက်လက်ဖြစ်ပွားေ​လ့​​​ရှိခဲ့ပာတယ်​။ ဒီတုပ်ကွေးရောဂါဟာ လေထု၊ ချွဲနဲ့ တံတွေးမှ တစ်ဆင့် တစ်ယောက်ကနေတစ်ယောက် ကူးစက်နှုန်း မြန်ဆန်ပါတယ်။ အသက် ငါးနှစ်အောက်ကလေးငယ်တွေနဲ့ အသက် ၅၀ အထက် ကြီးသူတွေက ရောဂါကူးစက်နိုင်ခြေ ပိုများပါတယ်။ ရင်ကျပ်ပန်းနာလို အဆုတ်ရောဂါရှိသူတွေ၊ ကိုယ်ခံအားစနစ်ကျဆင်းသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း ကူးစက်နိုင်ခြေ အလွန်မြင့်မားပါတယ်။
ရောဂါလက္ခဏာ
H1N1တုပ်ကွေးရောဂါရဲ့ ရောဂါလက္ခဏာဟာ တခြားရာသီတုပ်ကွေးတွေနဲ့ ဆင်တူပါတယ်။ အဖျားရှိတာ၊ နှာရည်ယိုတာ၊ လည်ချောင်းနာတာ၊ ချွဲကျပ်နေတာ၊ ၀မ်းပျက်တာ၊ တုန်ချမ်းချမ်းတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ပျို့တာနဲ့အန်တာတွေ ဖြစ်တတ်ပါတယ်။
ဒီလက္ခဏာတွေက ဗိုင်းရပ်စ်ပိုးနဲ့ စတင်ထိတွေ့ပြီး တစ်ရက်မှ သုံးရက်အတွင်း ဖြစ်ပေါ်တတ်ကာ တစ်ပတ်မှ နှစ်ပတ်အထိ အချိန်ကြာမြင့်တတ်ပါတယ်။ H1N1 ခေါ်တဲ့ ၀က်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးတွေရဲ့ လက္ခဏာအများစုက ဆင်တူနေတဲ့အတွက် ရောဂါသေချာသိရှိဖို့ ဆရာဝန်နဲ့ ပြသပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သင်ဟာ H1N1 တုပ်ကွေးပျံ့နှံ့တဲ့နေရာမှာ နေထိုင်သူဖြစ်နေခဲ့ရင်ပါ။ ရောဂါကူးစက်ခံရလို့ မိမိမှာ ကိုယ်ခံအားကောင်းနေရင် သူ့အလိုလို ပျောက်ကင်းသွားနိုင်ပေမယ့် အသက် ငယ်လွန်းသူ၊ အသက်ကြီးလွန်းသူ၊ ရင်ကျပ်ပန်းနာရှိသူ၊ ဆီးချိုရောဂါရှိသူ ဒါမှမဟုတ် နှလုံးရောဂါ ဒါမှမဟုတ် ကျောက်ကပ်လိုမျိုး နာတာရှည်ရောဂါရှိသူတွေမှာတော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ဖို့ အန္တရာယ်အလွန်များပါတယ်။ ဒါကြောင့် သင့်မှာ အသက်ရှူရခက်ခဲတာ၊ တစ်ချိန်လုံးအန်နေတာ၊ ရုတ်တရက် ခေါင်းမူးတာ၊ ရင်ဘတ် ဒါမှမဟုတ် ၀မ်းဗိုက်အောင့်နေတာ၊ သင်ရဲ့ တုပ်ကွေးရောဂါလက္ခဏာတွေ သက်သာနေပြီးတော့မှ အဖျားပြန်ကြီးပြီး ချောင်းဆိုးနေရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
အောက်ပါတို့ဟာ H1N1တုပ်ကွေးနဲ့ပတ်သက်တဲ့ လူသိများတဲ့ အယူအဆအမှားတွေဖြစ်ပါတယ်။ 
အယူအဆ (၁) ►H1N1 တုပ်ကွေးက ၀က်သားစားတာကြောင့် ဖြစ်တာပါ။
H1N1 တုပ်ကွေးက ၀က်သား ဒါမှမဟုတ် ၀က်သားထုတ်ကုန်တွေ စားတာကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ဒီတုပ်ကွေးဗိုင်းရပ်စ်က ၀က်မှာ ဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ ဆင်တူနေပေမယ့် H1N1 ဗိုင်းရပ်စ်က ၀က်တွေမှာ ဖြစ်တဲ့ ၀က်တုပ်ကွေးဗိုင်းရပ်စ်နဲ့ ကွဲပြားခြားနားပါတယ်။ H1N1 ဗိုင်းရပ်စ်က ရောဂါရှိသူ ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေတာကြောင့် ထွက်လာတဲ့ ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့နေတဲ့ လေထုကတစ်ဆင့် ကူးစက်ခံရတာပါ။ ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ရောဂါပိုး ပျံ့နှံ့နေတဲ့ လေ ဒါမှမဟုတ် အရာဝတ္ထု မျက်နှာပြင်နဲ့ ထိတွေ့ရာကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုးတွေ ၀င်ရောက်သွားနိုင်ပါတယ်။
အယူအဆ (၂) ► H1N1 တုပ်ကွေးရောဂါအတွက် ကုသနိုင်တဲ့နည်းလမ်းမရှိပါဘူး။
ဒီအယူအဆကလည်း မှားပါတယ်။ H1N1 တုပ်ကွေးကို ကုသနိုင်တဲ့ Antiviral ဆေးဝါးတွေ ရှိပါတယ်။ ဒီဆေးတွေက ရောဂါလက္ခဏာတွေကို သက်သာစေပြီး ရောဂါကြာချိန် တိုတောင်းနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါ ဟုတ် မဟုတ် သေချာသိဖို့ လိုအပ်ပါတယ်။ Tamiflu, Oseltamivir, Zanamivir, Amantadine နဲ့ Rimantadine ဆေးဝါးတွေဟာ H1N1 တုပ်ကွေးကို ကုသဖို့အတွက် WHO က လက်ခံထားတဲ့ ဆေးဝါးတွေပါ။
အယူအဆ (၃) ► ကာကွယ်ဆေးတွေထိုးထားတာကြောင့် H1N1 တုပ်ကွေးကို ရေရှည် ကာကွယ်နိုင်ပါတယ်။
H1N1 ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေးက ကာကွယ်နိုင်တယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါကြောင့် အသက် ခြောက်လအထက် လူတွေအားလုံးကို တုပ်ကွေးကာကွယ်ဆေးထိုးဖို့အတွက် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက အကြံပေးထားပါတယ်။
ကာကွယ်ဆေးက ထိုးဆေးအနေနဲ့ အသုံးပြုနိုင်သလို နှာခေါင်းဖျန်းဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ကို တစ်နှစ်လောက်သာ ကာကွယ်ပေးနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်တွေရဲ့ ထူးခြားချက်က မျိုးစိတ်ကွဲတစ်ခုတည်းမှာတင် မျိုးရိုးဗီဇ နည်းနည်းပြောင်းပြီး ပေါ်လာတတ်တာကြောင့် ဒီတစ်နှစ်မှာပေါ်တဲ့ H1N1နဲ့ နောက်တစ်နှစ်မှာ ပေါ်တဲ့ H1N1က ချွတ်စွတ်မတူနိုင်တာမို့ တစ်နှစ် တစ်ခါ ကာကွယ်ဆေးထိုးမှသာ ရောဂါကို အလုံးစုံ ကာကွယ်နိုင်မှာပါ။
အယူအဆ (၄) ► H1N1 တုပ်ကွေးက ကူးစက်နှုန်း နည်းပါးပါတယ်။
လုံးဝမှားပါတယ်။ ဒီရောဂါက ကူးစက်နှုန်းမြင့်တဲ့ရောဂါဖြစ်ပြီး ရောဂါရှိသူကနေ ကျန်းမာနေတဲ့လူတစ်ယောက်ကို အမြန်ဆုံး ကူးစက်လေ့ရှိပါတယ်။ ဗိုင်းရပ်စ်က ရောဂါပိုးရှိနေတဲ့ လေနဲ့ အရာဝတ္ထု မျက်နှာပြင်မှတစ်ဆင့် ကူးစက်တာပါ။ ဒါကြောင့် ဒီဗိုင်းရပ်စ်ပိုး
ကူးစက်ခံရတာကနေ ကာကွယ်နိုင်အောင် ရောဂါရှိသူနဲ့ ဝေးဝေးနေပါ။ သင့်လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပေးပါ။ သင့်အ၀တ်အစားတွေကို ရေနွေးနဲ့ ပြုတ်လျှော်ပါ။ သင့်အိမ်နဲ့ ရုံးခန်းကို ရောဂါပိုးသန့်စင်ဆေးရည်တွေနဲ့ နေ့စဉ် သန့်ရှင်းရေးပြုလုပ်ပါ။
Tips!!!
H1N1 ကူးစက်နှုန်း ရပ်တန့်အောင် ဘယ်လိုလုပ်ကြမလဲ ?
H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့် သေဆုံးနှုန်းဟာ တစ်နေ့ထက်တစ်နေ့ များပြားလာတာမို့ ရောဂါကူးစက်နှုန်းကို ထိန်းချုပ်နိုင်အောင် လူတိုင်းလူတိုင်း အောက်ပါတို့ကို ပြုလုပ်သင့်ပါတယ်။
၁။ ရေနဲ့ ဆပ်ပြာအသုံးပြုပြီး သင့်လက်ကို မကြာခဏ ဆေးကြောပေးပါ။ လက်တစ်ကြိမ်ဆေးကြောတိုင်း စိတ်ထဲကနေ Happy Birthday သီချင်းကို နှစ်ကြော့ဆိုပြီးတဲ့အထိ ကြာပါစေ။ လက်တစ်ခုလုံးအနှံ့ လက်ချောင်းကြား၊ လက်သည်းကြား၊ လက်ဖမိုး၊ လက်ဖ၀ါး အကုန် နှံ့စပ် စင်ကြယ်အောင် ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး ဆေးကြောရပါမယ်။ မိမိကလေးတွေကိုလည်း မကြာခဏ လက်ဆေးခိုင်းပါ။ အပြင်ကပြန်လာတိုင်း အိမ်ထဲဝင်တာနဲ့ လက်ဆေးပြီး အင်္ကျီလဲခိုင်းပါ။ ခရီးထွက်နေလို့ ရေနဲ့ ဆပ်ပြာအလွယ်တကူမရှိရင် အယ်လ်ကိုဟော အခြေခံပြီး ထုတ်လုပ်ထားတဲ့ လက်သန့်စင်ဆေးရည်ကို အသုံးပြုပြီး ဆေးကြောပါ။ 
၂။ သင့်လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို မထိမိအောင် သတိထားရပါမယ်။ 
၃။ တုပ်ကွေးရောဂါရှိသူတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့။ 
၎။ အိပ်ရေး၀၀ အိပ်ပါ။
၅။ ရေများများသောက်ပါ။
၆။ သင် ချောင်းဆိုး ဒါမှမဟုတ် နှာချေရင် သင့်နှာခေါင်းနဲ့ပါးစပ်ကို တစ်သျှူးနဲ့ အုပ်ထားပါ။ တစ်သျှူးအလွယ်တကူမရှိရင် လက်တံတောင်ဆစ်၊ လက်ခေါက်ခွက်နဲ့ကာပြီးမှ နှာချေ ချောင်းဆိုးပါ။
၇။ တစ်ဝက်တစ်ပျက် အသုံးပြုထားတဲ့ တစ်သျှူးတွေကို ဆက်မသုံးပါနဲ့။ လွှင့်ပစ်လိုက်ပါ။ တစ်သျှူး သုံးဖို့ လိုအပ်ရင် အသစ်သာ သုံးစွဲပါ။
၈။ သင်ဟာ တုပ်ကွေးလက္ခဏာတွေနဲ့ ခပ်ဆင်ဆင် ဝေဒနာခံစားရရင် အိမ်မှာပဲ အနားယူနေပါ။ မိမိကြောင့် တခြားသူကို ရောဂါမကူးစက်ပါစေနဲ့။
၉။ တုပ်ကွေးရာသီမှာ လူထူထပ်တဲ့နေရာကို တတ်နိုင်သမျှ ရှောင်ပါ။ မလွှဲမရှောင်သာ သွားရမယ်(ဥပမာ ဘတ်စကားစီးရမယ်)ဆိုရင် mask တပ်သွားပါ။ N95 Respirator Mask ကို တပ်နိုင်ရင် အကောင်းဆုံးပါ။ 
၁၀။ မိမိရုံးခန်းနဲ့ အိမ်တွင်းကို နေ့စဉ် သန့်ရှင်းရေး လုပ်ပေးပါ။
၁၁။ သင့်မှာ လည်ချောင်းနာနေရင် ဆားရည်နဲ့ အာလုတ်ကျင်းပါ။ 
၁၂။ ခုခံအားစနစ်မြင့်တက်လာအောင် ကြက်သွန်ဖြူ၊ ချင်း၊ နနွင်း၊ ရှားစောင်းလက်ပပ်နဲ့ ပူဒီနာ စားပေးပါ။ 
၁၃။ သက်လုံကောင်းအောင် နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်ပေးပါ။
#ဒေါက်တာခင်မိုးမိုး
Good Health Journal 652

Share this

Related Posts

Previous
Next Post »