H1N1 ခေါ် ပြင်းထန်တုပ်ကွေး နှင့်ပတ်သက်၍ ...

H1N1 တုပ်ကွေးဟာ H1N1တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်အမြှေးပါးတွေကတစ်ဆင့် ကူးစက်တတ်ပါတယ်။ H1N1 တုပ်ကွေးဟါ ၂၀၀၉ ခုနှစ်က ကမ္ဘာမှာ ကပ်​​ရောဂါအသွင်​ ဖြစ်​ပွားခဲ့ကာ အဲဒီ​နောက်​ပိုင်းမှာလည်း ဆက်လက်ဖြစ်ပွားေ​လ့​​​ရှိခဲ့ပာတယ်​။ ဒီတုပ်ကွေးရောဂါဟာ လေထု၊ ချွဲနဲ့ တံတွေးမှ တစ်ဆင့် တစ်ယောက်ကနေတစ်ယောက် ကူးစက်နှုန်း မြန်ဆန်ပါတယ်။ အသက် ငါးနှစ်အောက်ကလေးငယ်တွေနဲ့ အသက် ၅၀ အထက် ကြီးသူတွေက ရောဂါကူးစက်နိုင်ခြေ ပိုများပါတယ်။ ရင်ကျပ်ပန်းနာလို အဆုတ်ရောဂါရှိသူတွေ၊ ကိုယ်ခံအားစနစ်ကျဆင်းသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း ကူးစက်နိုင်ခြေ အလွန်မြင့်မားပါတယ်။
ရောဂါလက္ခဏာ
H1N1တုပ်ကွေးရောဂါရဲ့ ရောဂါလက္ခဏာဟာ တခြားရာသီတုပ်ကွေးတွေနဲ့ ဆင်တူပါတယ်။ အဖျားရှိတာ၊ နှာရည်ယိုတာ၊ လည်ချောင်းနာတာ၊ ချွဲကျပ်နေတာ၊ ၀မ်းပျက်တာ၊ တုန်ချမ်းချမ်းတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ပျို့တာနဲ့အန်တာတွေ ဖြစ်တတ်ပါတယ်။
ဒီလက္ခဏာတွေက ဗိုင်းရပ်စ်ပိုးနဲ့ စတင်ထိတွေ့ပြီး တစ်ရက်မှ သုံးရက်အတွင်း ဖြစ်ပေါ်တတ်ကာ တစ်ပတ်မှ နှစ်ပတ်အထိ အချိန်ကြာမြင့်တတ်ပါတယ်။ H1N1 ခေါ်တဲ့ ၀က်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးတွေရဲ့ လက္ခဏာအများစုက ဆင်တူနေတဲ့အတွက် ရောဂါသေချာသိရှိဖို့ ဆရာဝန်နဲ့ ပြသပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သင်ဟာ H1N1 တုပ်ကွေးပျံ့နှံ့တဲ့နေရာမှာ နေထိုင်သူဖြစ်နေခဲ့ရင်ပါ။ ရောဂါကူးစက်ခံရလို့ မိမိမှာ ကိုယ်ခံအားကောင်းနေရင် သူ့အလိုလို ပျောက်ကင်းသွားနိုင်ပေမယ့် အသက် ငယ်လွန်းသူ၊ အသက်ကြီးလွန်းသူ၊ ရင်ကျပ်ပန်းနာရှိသူ၊ ဆီးချိုရောဂါရှိသူ ဒါမှမဟုတ် နှလုံးရောဂါ ဒါမှမဟုတ် ကျောက်ကပ်လိုမျိုး နာတာရှည်ရောဂါရှိသူတွေမှာတော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ဖို့ အန္တရာယ်အလွန်များပါတယ်။ ဒါကြောင့် သင့်မှာ အသက်ရှူရခက်ခဲတာ၊ တစ်ချိန်လုံးအန်နေတာ၊ ရုတ်တရက် ခေါင်းမူးတာ၊ ရင်ဘတ် ဒါမှမဟုတ် ၀မ်းဗိုက်အောင့်နေတာ၊ သင်ရဲ့ တုပ်ကွေးရောဂါလက္ခဏာတွေ သက်သာနေပြီးတော့မှ အဖျားပြန်ကြီးပြီး ချောင်းဆိုးနေရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
အောက်ပါတို့ဟာ H1N1တုပ်ကွေးနဲ့ပတ်သက်တဲ့ လူသိများတဲ့ အယူအဆအမှားတွေဖြစ်ပါတယ်။ 
အယူအဆ (၁) ►H1N1 တုပ်ကွေးက ၀က်သားစားတာကြောင့် ဖြစ်တာပါ။
H1N1 တုပ်ကွေးက ၀က်သား ဒါမှမဟုတ် ၀က်သားထုတ်ကုန်တွေ စားတာကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ဒီတုပ်ကွေးဗိုင်းရပ်စ်က ၀က်မှာ ဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ ဆင်တူနေပေမယ့် H1N1 ဗိုင်းရပ်စ်က ၀က်တွေမှာ ဖြစ်တဲ့ ၀က်တုပ်ကွေးဗိုင်းရပ်စ်နဲ့ ကွဲပြားခြားနားပါတယ်။ H1N1 ဗိုင်းရပ်စ်က ရောဂါရှိသူ ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေတာကြောင့် ထွက်လာတဲ့ ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့နေတဲ့ လေထုကတစ်ဆင့် ကူးစက်ခံရတာပါ။ ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ရောဂါပိုး ပျံ့နှံ့နေတဲ့ လေ ဒါမှမဟုတ် အရာဝတ္ထု မျက်နှာပြင်နဲ့ ထိတွေ့ရာကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုးတွေ ၀င်ရောက်သွားနိုင်ပါတယ်။
အယူအဆ (၂) ► H1N1 တုပ်ကွေးရောဂါအတွက် ကုသနိုင်တဲ့နည်းလမ်းမရှိပါဘူး။
ဒီအယူအဆကလည်း မှားပါတယ်။ H1N1 တုပ်ကွေးကို ကုသနိုင်တဲ့ Antiviral ဆေးဝါးတွေ ရှိပါတယ်။ ဒီဆေးတွေက ရောဂါလက္ခဏာတွေကို သက်သာစေပြီး ရောဂါကြာချိန် တိုတောင်းနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါ ဟုတ် မဟုတ် သေချာသိဖို့ လိုအပ်ပါတယ်။ Tamiflu, Oseltamivir, Zanamivir, Amantadine နဲ့ Rimantadine ဆေးဝါးတွေဟာ H1N1 တုပ်ကွေးကို ကုသဖို့အတွက် WHO က လက်ခံထားတဲ့ ဆေးဝါးတွေပါ။
အယူအဆ (၃) ► ကာကွယ်ဆေးတွေထိုးထားတာကြောင့် H1N1 တုပ်ကွေးကို ရေရှည် ကာကွယ်နိုင်ပါတယ်။
H1N1 ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေးက ကာကွယ်နိုင်တယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါကြောင့် အသက် ခြောက်လအထက် လူတွေအားလုံးကို တုပ်ကွေးကာကွယ်ဆေးထိုးဖို့အတွက် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက အကြံပေးထားပါတယ်။
ကာကွယ်ဆေးက ထိုးဆေးအနေနဲ့ အသုံးပြုနိုင်သလို နှာခေါင်းဖျန်းဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ကို တစ်နှစ်လောက်သာ ကာကွယ်ပေးနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်တွေရဲ့ ထူးခြားချက်က မျိုးစိတ်ကွဲတစ်ခုတည်းမှာတင် မျိုးရိုးဗီဇ နည်းနည်းပြောင်းပြီး ပေါ်လာတတ်တာကြောင့် ဒီတစ်နှစ်မှာပေါ်တဲ့ H1N1နဲ့ နောက်တစ်နှစ်မှာ ပေါ်တဲ့ H1N1က ချွတ်စွတ်မတူနိုင်တာမို့ တစ်နှစ် တစ်ခါ ကာကွယ်ဆေးထိုးမှသာ ရောဂါကို အလုံးစုံ ကာကွယ်နိုင်မှာပါ။
အယူအဆ (၄) ► H1N1 တုပ်ကွေးက ကူးစက်နှုန်း နည်းပါးပါတယ်။
လုံးဝမှားပါတယ်။ ဒီရောဂါက ကူးစက်နှုန်းမြင့်တဲ့ရောဂါဖြစ်ပြီး ရောဂါရှိသူကနေ ကျန်းမာနေတဲ့လူတစ်ယောက်ကို အမြန်ဆုံး ကူးစက်လေ့ရှိပါတယ်။ ဗိုင်းရပ်စ်က ရောဂါပိုးရှိနေတဲ့ လေနဲ့ အရာဝတ္ထု မျက်နှာပြင်မှတစ်ဆင့် ကူးစက်တာပါ။ ဒါကြောင့် ဒီဗိုင်းရပ်စ်ပိုး
ကူးစက်ခံရတာကနေ ကာကွယ်နိုင်အောင် ရောဂါရှိသူနဲ့ ဝေးဝေးနေပါ။ သင့်လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပေးပါ။ သင့်အ၀တ်အစားတွေကို ရေနွေးနဲ့ ပြုတ်လျှော်ပါ။ သင့်အိမ်နဲ့ ရုံးခန်းကို ရောဂါပိုးသန့်စင်ဆေးရည်တွေနဲ့ နေ့စဉ် သန့်ရှင်းရေးပြုလုပ်ပါ။
Tips!!!
H1N1 ကူးစက်နှုန်း ရပ်တန့်အောင် ဘယ်လိုလုပ်ကြမလဲ ?
H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့် သေဆုံးနှုန်းဟာ တစ်နေ့ထက်တစ်နေ့ များပြားလာတာမို့ ရောဂါကူးစက်နှုန်းကို ထိန်းချုပ်နိုင်အောင် လူတိုင်းလူတိုင်း အောက်ပါတို့ကို ပြုလုပ်သင့်ပါတယ်။
၁။ ရေနဲ့ ဆပ်ပြာအသုံးပြုပြီး သင့်လက်ကို မကြာခဏ ဆေးကြောပေးပါ။ လက်တစ်ကြိမ်ဆေးကြောတိုင်း စိတ်ထဲကနေ Happy Birthday သီချင်းကို နှစ်ကြော့ဆိုပြီးတဲ့အထိ ကြာပါစေ။ လက်တစ်ခုလုံးအနှံ့ လက်ချောင်းကြား၊ လက်သည်းကြား၊ လက်ဖမိုး၊ လက်ဖ၀ါး အကုန် နှံ့စပ် စင်ကြယ်အောင် ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး ဆေးကြောရပါမယ်။ မိမိကလေးတွေကိုလည်း မကြာခဏ လက်ဆေးခိုင်းပါ။ အပြင်ကပြန်လာတိုင်း အိမ်ထဲဝင်တာနဲ့ လက်ဆေးပြီး အင်္ကျီလဲခိုင်းပါ။ ခရီးထွက်နေလို့ ရေနဲ့ ဆပ်ပြာအလွယ်တကူမရှိရင် အယ်လ်ကိုဟော အခြေခံပြီး ထုတ်လုပ်ထားတဲ့ လက်သန့်စင်ဆေးရည်ကို အသုံးပြုပြီး ဆေးကြောပါ။ 
၂။ သင့်လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို မထိမိအောင် သတိထားရပါမယ်။ 
၃။ တုပ်ကွေးရောဂါရှိသူတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့။ 
၎။ အိပ်ရေး၀၀ အိပ်ပါ။
၅။ ရေများများသောက်ပါ။
၆။ သင် ချောင်းဆိုး ဒါမှမဟုတ် နှာချေရင် သင့်နှာခေါင်းနဲ့ပါးစပ်ကို တစ်သျှူးနဲ့ အုပ်ထားပါ။ တစ်သျှူးအလွယ်တကူမရှိရင် လက်တံတောင်ဆစ်၊ လက်ခေါက်ခွက်နဲ့ကာပြီးမှ နှာချေ ချောင်းဆိုးပါ။
၇။ တစ်ဝက်တစ်ပျက် အသုံးပြုထားတဲ့ တစ်သျှူးတွေကို ဆက်မသုံးပါနဲ့။ လွှင့်ပစ်လိုက်ပါ။ တစ်သျှူး သုံးဖို့ လိုအပ်ရင် အသစ်သာ သုံးစွဲပါ။
၈။ သင်ဟာ တုပ်ကွေးလက္ခဏာတွေနဲ့ ခပ်ဆင်ဆင် ဝေဒနာခံစားရရင် အိမ်မှာပဲ အနားယူနေပါ။ မိမိကြောင့် တခြားသူကို ရောဂါမကူးစက်ပါစေနဲ့။
၉။ တုပ်ကွေးရာသီမှာ လူထူထပ်တဲ့နေရာကို တတ်နိုင်သမျှ ရှောင်ပါ။ မလွှဲမရှောင်သာ သွားရမယ်(ဥပမာ ဘတ်စကားစီးရမယ်)ဆိုရင် mask တပ်သွားပါ။ N95 Respirator Mask ကို တပ်နိုင်ရင် အကောင်းဆုံးပါ။ 
၁၀။ မိမိရုံးခန်းနဲ့ အိမ်တွင်းကို နေ့စဉ် သန့်ရှင်းရေး လုပ်ပေးပါ။
၁၁။ သင့်မှာ လည်ချောင်းနာနေရင် ဆားရည်နဲ့ အာလုတ်ကျင်းပါ။ 
၁၂။ ခုခံအားစနစ်မြင့်တက်လာအောင် ကြက်သွန်ဖြူ၊ ချင်း၊ နနွင်း၊ ရှားစောင်းလက်ပပ်နဲ့ ပူဒီနာ စားပေးပါ။ 
၁၃။ သက်လုံကောင်းအောင် နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်ပေးပါ။
#ဒေါက်တာခင်မိုးမိုး
Good Health Journal 652

မြင်းစီးကြေးရုပ်တွေရဲ့ အဓိပ္ပာယ်

မြင်းစီးကြေးရုပ်တွေဟာ နိုင်ငံတော်တော်များများမှာ ရှိနေကြပါတယ်။ ဖော်ပြမယ့် အကြောင်းကတော့ မြင်းစီးကြေးရုပ်တွေရဲ့ အဓိပ္ပာယ်မျိုးစုံနဲ့ ထုလုပ်တဲ့ အကြောင်း ဖြစ်ပါတယ်။ Ma Eaint Myat Chel တင်ပြတာကို ကျွန်တော်တို့က ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။ 

မြင်း ရဲ့​ရှေ့​ခွာ တစ်ခု အသာ​လေး​ ​မြှောက်​ထား ပြီး မြင်းခေါင်း ကို အောက်သို့ စိုက်ထား လျှင် အဲဒီ ပုံ အ​နေအထား ဟာ " မြင်း​ပေါ် က ပုဂ္ဂိုလ်​ ဟာ လုပ်​ကြံ သတ်​ဖြတ်​ ခြင်း ခံရ တဲ့ ​ခေါင်း​ဆောင် ​" လို့ အဓိပ္ပာယ် ​သတ်​မှတ် ပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြင်း ရဲ့​ရှေ့​ခွာ တစ်ခု အသာ​ မြှောက်​ ကာ မြင်းခေါင်း ကို မော့ ထားလျှင် တော့ မြင်းစီး သူ ဟာ တိုက်ပွဲ အတွင်း မှာ ကျဆုံး သူ မဟုတ်ပဲ ၊ တိုက်ပွဲ က ရရှိ တဲ့ ဒဏ်ရ ဖြင့် ပြင်ပ တွင် သေဆုံး သူ ဖြစ်ပါ တယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြင်း ရဲ့ ခြေ လေးဖက် လုံး မြေပြင် ထိနေ ပါ က မြင်း​ပေါ် က ပုဂ္ဂိုလ်​ ဟာ စစ်ပွဲ ၊ တိုက်ပွဲ ကြောင့် မဟုတ်ပဲ သာမန်​ သဘာဝအတိုင်း ဖြစ်ရိုး ဖြစ်စဉ်​ အရ ကွယ်​လွန်​ သွားသူ လို့ သတ်​မှတ် ​ပါတယ်​။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြင်း ရဲ့​ ရှေ့​ခြေ နှစ်​ဘက် လုံး လေထဲ မြောက်နေ ပါက မြင်း ပေါ်က ပုဂ္ဂိုလ်​ ဟာ ရန်​သူ နဲ့ တိုက်​ခိုက်​ရင်း တိုက်ပွဲ အတွင်း ကျဆုံးသွား ခဲ့သူ ဖြစ် ပါတယ်။

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ... (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)

ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက  ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက်   ဥပဒေအရခံသွားပြီပဲ။   ကျန်တဲ့လူမှာ   ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး -  ဒေါ်အောင်ဆန်းစု  ကြည်


လီလီပန်းအဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက်ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲတစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင်မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ်ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့်ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့ ၏ သမီးဒေါ်ဘေဘီစောမှမွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။
ဂဠုန်ဦးစော၏မြေး ဒေါ်မွန်မွန်ရင် [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]
ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်းငွေဖလားတွင် လီလီပန်းကိုသာ  ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ်ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

ထိုပန်းများကိုတစ်မြို့လုံးတွင်  မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်းအဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

 ထိုအဖြစ်အပျက်မှာ လွန်ခဲ့ သော နှစ်ပေါင်းသုံးဆယ်ကျော် ကဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခုဖြစ်ခဲ့လေသည်။

“ပန်းတွေသွားခူးတဲ့နေ့က လာခူးတဲ့လူတွေကို အန်တီဒေါ် ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာ ဆောင်လဲလို့ မေးတယ်တဲ့။ ဦး စော၊ ဒေါ်သန်းခင်မြေးမင်္ဂလာ ဆောင်ပါလို့ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေ နဲ့ဆိုတော့ ကျွန်မထက် သူက တောင်  ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေ က မှတ်မှတ်ရရပါပဲ”ဟု ဒေါ်မွန်မွန် ရင်ကသူ့မင်္ဂလာဆောင်အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည်စိုက်ပျိုးထားသော အဖြူရောင်လီလီပန်း လေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်းမရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း  ကွယ် လွန်သွားပြီဖြစ်သည်။ အချိန်ကာလဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စုဖြတ်ကျော်ခဲ့ပြီဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှုအောက်မှ တဖြည်းဖြည်းရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံမိသားစု အဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့်ကာလများမှာအချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများလက် ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည်ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊  “ဦးစောမြစ်တဲ့”ဆိုသည့် တစ်ကျောင်းတည်းနေကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက်  ဒေါ်မွန်မွန်ရင်စိတ်ပူကာ   နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

 ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
  
“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက   အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။
 
 ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစောနေထိုင်ခဲ့ရာ အေဒီလမ်းရှိအိမ်ခြံဝင်းနှင့်တစ်ခြံကျော်၌လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့    ဇနီးမောင်နှံပုံတူ ကျာက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ  ရေပူရေအေး ဆက်ကပ်ထား သည်ကိုလည်း တွေ့ရသည်။
    
သမိုင်းတရားခံတစ်ဦးဖြစ်သော် ငြား  မိသားစုဝင်များကမူ  ဦးစော ကြိုးစင်မတက်ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ   ထိုစာများ အရအဘိုးဖြစ်သူဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း   သမိုင်းသင်ခန်းစာများပေး သွားခဲ့သူတစ်ယောက်ဖြစ်သည့်အ ပြင် တိုင်းပြည်ကိုချစ်မြတ်နိုးခဲ့သူတစ် ယောက်အဖြစ်လည်း  လက်ခံထားကြ သည်။

“သူမသေခင်ရေးခဲ့တဲ့   စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။     ဒေါသစိတ် ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာမဟုတ်ခဲ့ရင် တိုင်းပြည်လည်းဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကိုချစ်တဲ့သူတစ်ယောက်ပဲဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကိုကြည့်ရင်သိ နိုင်ပါတယ်”ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည် မှုပြည့်ဝစွာဖြင့် ပြောပြသည်။
 
 မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအ တွက်   ယနေ့အချိန်ထိ   ပေးဆပ်ရ လျက်ရှိဆဲဖြစ်သည်ဟုဆိုသည်။
  
“လူတွေအမြင်မှာ သြော်.. ဒီမိသားစု  သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုးဖြစ်အောင် နေရ ပါတယ်။ အန်တီ့မေမေနဲ့အဘွားတုန်း ကဆိုရင်  သူတို့တွေက  ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့စီးပွားရေးတွေဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။  အဘိုးထားခဲ့ တဲ့ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေလက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေဖြစ်လာ တာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရ သည့် အတိတ်ပုံရိပ်တို့ကိုပြန်ပြောင်းပြောပြသည်။
  
ယခုတော့   တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင်ကျယ်ပြန့်လာခဲ့သည် မှာ  သားကြီးကပြည်သူတွေနဲ့  ထိ တွေ့ဆက်ဆံရသည့်အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။
 
သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင်   လန့်သွားရသည်ဟုဆိုသည်။

“သရုပ်ဆောင်ပဲ  ၀ါသနာပါတယ်။   သရုပ်ဆောင်ပဲလုပ်မယ်ဆို တော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင်လန့်သွားတယ်။ အမလေး၊ အမလေး ဘယ့်နှယ့်တစ်မိသားစုလုံးလူမသိသူမသိနေလာရပါတယ်ဆိုမှမင်းကျမှ  သရုပ်ဆောင်လုပ်မယ်ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှမရတာ။ ဒါပေမဲ့သူတို့ အဖေက   ၀ါသနာပါတာလုပ်ပါစေ ဆိုပြီးကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ”ဟုဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း  အချို့ကဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာလုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာအရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့    ဦးစောမိသားစုကို သိရှိဆက်ဆံရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင်စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့်  ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင်    ဒေါ်မွန်မွန်ရင်မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။
 
 ဦးစော၏မြေးမှန်း   မြို့ကလူ များရော ကျောင်းကပါသိကြသည့် မို့ မိဘများက အာဇာနည်နေ့အကြို နေ့မျိုးတွင်ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။   ထိုအကြောင်းကို  ကျောင်းမှအကြီးတန်း ကျောင်းသားများကသိ ကြသည့်အခါ  သူ့ထံလာရောက်၍အားပေးနှစ်သိမ့်စကား  ပြောခဲ့ဖူးသည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့အားပေးနှစ် သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အ တော်ပင်အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာ ဆို အတန်းကြီးတွေက ပြောတာကိုး။အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့ကနောက်နေ့ အတန်းထဲကိုလာပြောတယ်။ ဒါကသမိုင်းကိုပြောတာပေါ့နော်။ နင်တို့နဲ့မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲမနေနဲ့။ နောက်ဆိုရင်လာတက်။နားထောင်ပေါ့ဆိုတာနဲ့ နောက်နှစ်တွေကစပြီး အဲလိုပွဲတွေသွားတက်ဖြစ်တယ်”ဟုမိဘများကစိတ်ပူသော်လည်း ကလေးအချင်းချင်းပြဿနာ မရှိခဲ့ဘဲ နား လည်မှုရခဲ့ပုံကို    ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။
 
 နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း(စိန်ဖလိုး)သို့  ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ်ကာ   ကျောင်းပြောင်းစတွင်  သူ့ကိုအတန်းကြီးများက ဦးစောမြေးအဖြစ်  လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။
  
“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။   အုပ်စုလိုက်လာကြည့်ပြီးမှ အားနာသွားပြီး သြော်အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါ ပဲ”ဟု ဒေါ်မွန်မွန်ရင်ကပြောသည်။
 
သေနတ်ဒဏ်ရာတစ်ဆယ့် သုံးချက်ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၏ မိသားစုနှင့် ထိုလုပ်ကြံသတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစုကြားတွင်လည်းသည်ဆယ်စုနှစ်များစွာအတွင်းတွေ့ဆုံဆက်ဆံမှု တစ်စုံ တစ်ရာမရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှု တို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည်စိုက်ပျိုးထားသည့်   လီလီပန်းများကို ဦးစောမြေးမင်္ဂလာဆောင်တွင် အသုံးပြုရန်    ငြင်းပယ်ခြင်းမရှိခဲ့သည့်အဖြစ်အပျက်တစ်ခုကသာပြ သနေသည်မဟုတ်။  ဦးစောမိသားစုအတွက်  အမြဲကျေးဇူးတင်နွေးထွေး နေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရစကားတစ်ခွန်းလည်း ရှိပါသေးသည်။
 
 လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍    ဒေါ်ခင်ကြည်အား နစ်နာကြေးတောင်းခံနိုင် ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း   ထိုအချိန်က ဒေါ်ခင်ကြည်ပြောခဲ့သည့်စကားကို ဒေါ်မွန်မွန်ရင်အဘွားမှ သည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ...။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက   ဂုဏ်ရှိပြီးကျန်ခဲ့ရတဲ့မုဆိုးမပါ။ ဒါကြောင့်  ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှမယူလိုတော့ပါဘူးတဲ့။ အဘွားကအဲဒီစကားကို အခုထက် ထိမမေ့ပါဘူး”ဟုဆိုလေသည်။
     
 ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက်အဖြူရောင်  လီလီပန်းလေးများကပင်  မိသားစုနှစ်စု ကြားအဃာတတရားမရှိခဲ့ခြင်းကို သက်သေပြနေသည်။
 
ဒေါ်မွန်မွန်ရင်က    ဗိုလ်ချုပ်အောင်ဆန်း၏သမီး   ဒေါ်အောင်ဆန်းစုကြည်ကိုအပြင်တွင် မတွေ့မ မြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါကတွေ့လိုစိတ်ပြင်းပြင်းပြပြဖြစ်မိသော်လည်း တကယ်တမ်းတွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့မ၀ံ့ရဲကြောင်းဖွင့်ဟသည်။
  
“ကိုယ်က  ဒီမှာတောင်ငုံ့နေ ရတဲ့သူလေ။ ဒေါ်စုကတော့ Imageအရမ်းကြီးတယ်။  ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူဆိုတော့ လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ မိသားစုသမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းကဆိုရင်တော့ တစ်မျိုးပေါ့လေ”ဟု ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားကြောင်းနှင့် ပြောစရာမရှိအောင်ပင်   ကွာခြားမှု များပါကြောင်း ဒေါ်မွန်မွန်ရင်ကဆို သည်။
 
 ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုး ဆက်မိသားစုဝင်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူမိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း  ကရုဏာစကားဆိုပါ သည်။
  
“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက    ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက်   ဥပဒေအရခံသွား ပြီပဲ။   ကျန်တဲ့လူမှာ   ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း    အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က   ပြောပါသည်။

    မိသားစုဝင်များနှင့်သာမဟုတ်  ဦးစောအပေါ်ကိုပင်မည်သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍“ဖေဖေနဲ့ပတ်သက်ပြီးတွေးရင် ဦးစောကြောင့် ဖေဖေဆုံးသွားတယ်လို့ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲဖြစ်တတ်ပါတယ်”ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခု ကြား၌ ဖြစ်တည်ကွာခြားချက်များစွာရှိသော်လည်း ထိုကွာခြားမှုကြားတူညီမှုတစ်ခုရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့်ပြောပြသည်။

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ဖြစ်လေသည်။
(၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်ထုတ် 7DayNews Journal အတွဲ (၁၀)၊ အမှတ်(၂၇)တွင်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည်)

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ တိုင်းပြည်သို့ မှာကြားချက်

ကျွန်မ၏ ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်မှာပဲ အခုတော့ ကျဆုံးသွားရှာပါပြီ။ ဒီတော့ကာ ကျဆုံးသွားရတဲ့ လူတွေလည်း ကျဆုံးသွားကြပြီ ဖြစ်တဲ့အတွက် ချဲ့ထွင်လို့လည်း မပြောလိုတော့ပါဘူး။
ကျဆုံးတဲ့ပုဂ္ဂိုလ်များကို ချစ်ကြည်လေးစားကြရင်ဖြင့် သူတို့ရည်ရွယ်ထားတဲ့ ပန်းတိုင်အဝင်ရောက် အောင် ချမှတ်တဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ကြပါလို့ ပြောပါရစေတော့။
ကျွန်မမှာတော့ ကြီးလေးတဲ့ တာဝန်တွေကို ရှေ့ဆောင်ရှေ့ရွက်အဖြစ်နဲ့ မလုပ်နိုင်သေးလို့ နောက်ကနေပြီးတော့ပဲ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်များကို တနည်းတဖုံ ပြုစုအားပေးပြီး သူ့ရဲ့ရင်နှစ်ဖြစ်တဲ့ ကလေးများကို သူတို့ရဲ့ ဖခင်သွေးပီပီ ဖခင်လို ဖြစ်ထွန်းလာစေဖို့ ပြုစုပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။
ကျွန်မနည်းတူ ကျွန်မနှင့် ကံတူအကျိုးပေး ဖြစ်ကြရတဲ့ ကျဆုံးသွားကြတဲ့ ခေါင်းဆောင်ကြီးများရဲ့ ဇနီးသည်များမှာလည်းဝမ်းနည်းပက်လက် ဖြစ်ကြပေလိမ့်မယ်လို့သိပါရဲ့။ဒါပေမဲ့ ကျွန်မ ပြောလိုတာကတော့ သူတို့ကို တကယ်ချစ်ရိုးမှန်ရင်ဖြင့် သူတို့ချမှတ်ထားခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြစေလိုပါတယ်။ ဒါမှပဲ သူတို့ကို ချစ်ရာခင်ရာ ရောက်ပါလိမ့်မယ်။
ဒီတော့ ကျွန်မတို့က အကောင်အထည်ပေါ်အောင် ဝိုင်းဝန်းပြီး အားပေးကြဖို့ လိုပါတယ်။ ကျွန်မတို့ တိုင်းသူပြည်သားများကလည်း ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်ကြီးများကို လေးစားတဲ့အနေနဲ့ ဒေါသရှေ့ထားပြီး စိတ်လိုက်မာန်ပါ မပြုလုပ်ကြဘဲ၊ ကွယ်လွန်တဲ့ ပုဂ္ဂိုလ်များရဲ့ ချမှတ်ထားခဲ့တဲ့ လမ်းစဉ်အတိုင်း တသဝေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။
ဖဆပလ အဖွဲ့ကြီးနဲ့၊ ဖဆပလ အစိုးရအဖွဲ့ကို အားလုံးထောက်ခံကြပြီး ကွယ်လွန်ရှာကြတဲ့ ခေါင်းဆောင်များရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လုံးဝလွတ်လပ်ရေး မရမနေ ကြိုးစားအားထုတ် ကြပါလို့သာ တိုင်းပြည်အား အပြီးတိုင်မှာကြားခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး မိန့်ခွန်း

တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုသည်မှာ
““သဘောတရားသက်သက်နဲ့ ကြည့်ပြီးပြောရမယ်ဆိုရင် တိုင်းပြု ပြည်ပြုလွှတ်တော်ဆိုတာဟာ ဘာဖြစ်လို့ပေါ်ပေါက် လာရသလဲဆိုရင် တိုင်းပြည်အသစ်တည်လို့ တိုင်းသစ်၊ ပြည်သစ်၊ နိုင်ငံသစ်တည်ထောင်ဖို့ ပေါ်ပေါက်လာရခြင်း ဖြစ်တယ်လို့ အဲဒီလိုသဘောတရားမှာရှိတယ်။ ကျွန်တော်တို့ ဗမာ့စာပေနယ်မှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာ အစဆိုပြီး ဖွဲ့တဲ့အခါတုန်းက မဟာ သမ္မတမင်း မြှောက်ကြတယ်ဆိုပြီး လူတွေစုရုံးပြီးမြှောက်ကြတဲ့ အစည်း အဝေးမျိုးက ကမ္ဘာကြီးမှာ ပထမဆုံး တိုင်းပြုပြည်ပြုလွှတ်တော်လို့ ဆိုရမှာပဲ””

တိုင်းပြု ပြည်ပြု လွှတ်တော်နှင့် နိုင်ငံသစ်နှစ်မျိုး
““အဲဒီတော့ကာ အဲဒီနိုင်ငံအသစ် တည်ထောင်စရာရှိတဲ့အခါမှာ တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာ ပေါ်လာစမြဲ ဖြစ်ပါတယ်။ နိုင်ငံအသစ် ဆိုတဲ့ သဘောကလည်း ကိုယ့်တိုင်းပြည်ကို အခြားနိုင်ငံကနေပြီးတော့ အုပ်စိုးလွှမ်း မိုးထားလို့ အဲဒီလွှမ်းမိုး အုပ်စိုးခြင်းကို တွန်းလှန်ပယ်ဖျက်ပြီးတဲ့နောက် မိမိတို့ တိုင်းပြည် မိမိတို့အစိုးရ ကိုယ့်မင်း ကိုယ်ချင်း တည်ထောင်ဖို့အတွက် တိုင်းပြုပြည်ပြု လွှတ်တော်လုပ်တာက တစ်မျိုး၊ နောက်တစ်မျိုးက ကိုယ့်လူ မျိုးအချင်းချင်းဖြစ်တဲ့ လူတန်းစားအ ချင်းချင်းရဲ့ချုပ်ချယ်အုပ်စိုးမှုမှ လွတ် မြောက်လာပြီးတဲ့နောက် နိုင်ငံသစ် ထူထောင်တဲ့ နည်းဖြစ်တယ်။ အဲဒီ တော့ နိုင်ငံသစ်ဆိုတာက အကြမ်း အားဖြင့် ဆိုလို့ရှိရင် အဓိပ္ပာယ်နှစ် မျိုးရှိတယ်။ အဲဒီလို နှစ်မျိုးရှိတဲ့အခါ မယ်၊ နှစ်မျိုးစလုံးပေါ်ပေါက်လာတဲ့ အချိန်အခါမျိုးမှာ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ထုံးစံအားဖြင့် ပေါ်လာစမြဲ ဖြစ်ပါတယ်””

တိုင်းပြု ပြည်ပြု လွှတ်တော်၏ တာဝန်
““ဘယ်လိုတိုင်းပြည်ရဲ့ ပုံစံဟာ ဘယ်လိုရှိသင့်တယ်ဆိုတာကိုတိုင်းပြု ပြည်ပြုလွှတ်တော်ကနေပြီးတော့ကာ ဖြစ်အောင်လုပ်ဖို့လိုပါတယ်။ အဲဒီလို ဆိုတော့ကာ တိုင်းပြု ပြည်ပြု လွှတ် တော်ရဲ့ တာဝန်ဟာ ဘာလဲဆိုရင် နိုင်ငံသစ်ထူထောင်ဖို့ တာဝန်ဖြစ်ပါ တယ်။ အဲဒီနိုင်ငံသစ် ထူထောင်ဖို့ဟာ သာမန်အားဖြင့်ပြောရမယ်ဆိုရင် ဘယ် တိုင်းပြု ပြည်ပြု လွှတ်တော်မဆို အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မျိုးသာ ဖြစ်ရမယ်။ အဲဒီလို အချုပ်အခြာ အာဏာနဲ့ မပြည့်စုံလျှင်လည်း ကိုယ် လိုချင်တဲ့ နိုင်ငံသစ်ကို တည်နိုင်တဲ့ အခြေအနေရှိမှာ မဟုတ်ပါဘူး””

တိုင်းပြု ပြည်ပြု လွှတ်တော်၏ ထူးခြားချက်
““ကျွန်တော်တို့တိုင်းပြု ပြည်ပြု လွှတ်တော်ပေါ်ပေါက်လာတဲ့ အခြေ အနေနဲ့ အခြားတိုင်းပြည်တွေမှာ ပေါ်ပေါက်လာတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်အခြေအနေနဲ့ ကွာခြားနေ တဲ့အချက်တွေရှိပါတယ်။ အဲဒီလို ကွာခြားမှုတွေကြောင့် ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ လည်း ထူးထူးခြားခြားဖြစ်တဲ့အကြောင်း တွေရှိနေတယ်။ တခြား တိုင်းပြည် တွေမှာ ဥပမာ ယခင်ခေတ်တွေက ဟိုးရှေးတုန်းက တော်လှန်ရေးဖြစ်ပြီး တဲ့နောက် တိုင်းပြု ပြည်ပြု လွှတ်တော် ဆိုတာမျိုး ပေါ်လာခဲ့ဖူးပါတယ်။ အဲဒီလိုပေါ်လာတဲ့အခါမှာလည်း ဒီ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ အာဏာရပြီးသား လွှတ်တော် ဖြစ်နေတယ်””
““သို့သော်လည်းပဲ၊ ကျွန်တော် တို့ တိုင်းပြည်ကတော့ ယခုတိုင်းပြု ပြည်ပြု လွှတ်တော်ကျင်းပနေတဲ့ အချိန်အခါမှာ ကျွန်တော်တို့တိုင်း ပြည်က အာဏာရပြီးတဲ့အခြေအနေ မရောက်သေးပါဘူး””
““သို့သော်လည်းပဲ၊ ကျွန်တော် တို့ အခုရထားတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကတော့ကာ ကိုယ်ကြိုက် ရာဆုံးဖြတ်ပြီးတော့ လုပ်နိုင်တယ် ဆိုတဲ့ဟာကို အင်္ဂလိပ်အစိုးရက သဘောတူပြီးသားဖြစ်တယ်””
““အဲဒီတော့ ယခုအချုပ်အခြာ အာဏာသဘောမျိုးအဆင့်အတန်း ဆိုပါတော့၊ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ သူဟာသူ လုပ်တဲ့နေရာမှာ လွတ်လွတ်လပ် လပ်ရှိတယ်။ အဲဒီလိုလွတ်လွတ်လပ် လပ်ရှိတဲ့အတွက် (ျအအေကျ) အဆင့် အတန်းမှာတော့ကာ အချုပ်အခြာ အာဏာအဖွဲ့သဘောမျိုးဖြစ်တယ်။ သို့သော်လည်းပဲ ဥပဒေသဘောနဲ့ ပြောမယ်ဆိုရင် အာဏာတော့မရှိသေးဘူး””

လွတ်လပ်ရေးနှင့် ပတ်သက်၍
““အဲဒီတော့ကာ ကျွန်တော်တို့ ဒီလွတ်လပ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ဖဆပလ အဖွဲ့ချုပ်ကြီးက ၁၉၄၆ ခုနှစ် ဇန်နဝါရီမှာ ကျင်းပ ခဲ့တဲ့ ပထမ ဖဆပလ မြန်မာနိုင်ငံလုံး ဆိုင်ရာ အဖွဲ့ချုပ်ညီလာခံကြီးက မြန်မာပြည်ဟာ လုံးဝလွတ်လပ်ရေး ကို လိုချင်တယ်။ ဘယ်လို ဒိုမီနီယံ စတိတ်ကိုမှ မလိုချင်ဘူးဆိုပြီးတော့ ကျွန်တော်တို့ရည်ရွယ်ချက်အဖြစ်နဲ့ အတိအလင်း ကြေညာခဲ့ပါတယ်။ အဲဒီကြေညာခဲ့တဲ့အတိုင်းပဲ ကျွန်တော် တို့လွန်ခဲ့တဲ့ မေလအတွင်းမှာ ကျင်းပ ကြတဲ့ ဖဆပလ ပဏာမညီလာခံမှာ လည်းပဲ ကျွန်တော်တို့ဟာ ဒီမြန်မာ ပြည်ကြီးကို လုံးဝလွတ်လပ်ပြီးတော့ အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံအဖြစ်နဲ့ တည်ထောင်မယ် ဆိုပြီးတော့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ တယ်။ နောက်ပြီးတော့လည်းပဲ ဒီ တိုင်းပြု ပြည်ပြု လွှတ်တော်ကြီးမှာ လည်း ကျွန်တော်ကိုယ်တိုင်တင်သွင်း ခဲ့ပြီးတော့ကာ ဒီအချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံကို တည် ထောင်မယ်ဆိုပြီးတော့ကာ အဲဒီ ဆုံးဖြတ်ချက်ကို တင်သွင်းလို့ ဆုံး ဖြတ်လို့တောင် ပြီးပြီ””
““ဒီလုံးဝလွတ်လပ်ရေးကို ဆုံး ဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီ တိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး ရအောင် လုပ်မယ်ဆိုတာလည်း ကျွန်တော်တို့လုပ်နေလျက်ပါပဲ””
““သို့သော်လည်းပဲ အဲဒီလို လွတ်လပ်ရေးရအောင် ကျုပ်တို့က လုပ်တဲ့နေရာမှာ အလွယ်ဆုံး အကောင်းဆုံး၊ အအေးဆုံးနည်းကို ရှာတယ်””
““လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ် ကဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစား ဖို့ဖြစ်စေ၊ တစ်မျိုးလုံးကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦး တစ်ယောက်ရဲ့ အကျိုးကိုမထိခိုက်ဘဲ နဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့် တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ””
““နောက်ပြီးတော့ လွတ်လပ်ရေး ရတဲ့အခါမှာ လွတ်လပ်ရေး အခွင့်အရေးတွေ ရတယ်။ လွတ်လပ်ရေး ရတဲ့အခါမှာ ခင်ဗျားတို့ အခွင့်အရေး တွေ ပိုရတာလည်းရှိတယ်။ အခွင့်အရေးတွေ ပိုရသလိုပဲ တာဝန်တွေ လည်း ပိုလာလိမ့်မယ်””

ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍
““ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည် ထူထောင်ကြမယ် ဆိုလို့ရှိရင်လည်း (National Planning) ခေါ်တဲ့ အဲဒီစီမံကိန်းမျိုးတွေနဲ့ မလုပ်ဘဲနဲ့ ဘယ်နည်းနဲ့မှ ကျွန်တော်တို့ တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး၊ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သတိရှိစေချင်ပါတယ်။ အဲဒီတော့ ပဒေသာပင်ဟာ မြေကပေါက်လာမှာ မဟုတ်ပါဘူး။ ပဒေသာပင် ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နား လည်စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေးရပင် ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေး ဟာ ဒီနေ့ရပြီး မနက်ဖြန်ခါ တခြား လက် ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျား တို့သိစေချင်တယ်””
““ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် တခြား လွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော် တို့က ခြေလှမ်း ၄၊ ၅၊ ၁ဝ လှမ်း လှမ်းလိုက် နိုင်မှ အဲဒီလိုလိုက်နိုင်တဲ့အခါကျမှ နောက် ၁ဝ နှစ်၊ အနှစ် ၂ဝ တန်သည် အားဖြင့် အဲဒီလို တန်းတူညီတူဖြစ် သွားမယ်။ တန်းတူညီတူမဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့မြင် တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့ မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လိုနိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့ အတိအလင်းနားလည် ထားစေချင်တယ်””

ညီညွတ်ရေးနှင့် ပတ်သက်၍
““အဲဒီတော့ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းရင်း သား လူထုညီညွတ်ရေး၊ စားဖား သမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်း ချင်း ညီညွတ်ရေး၊ တိုင်းသူ ပြည်သား လူထုညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး ဒီ တိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ် ငြားသော်လည်း၊ ဘယ်ပါတီတက် တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ် တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော် ပြောချင်တယ်””

ဖဆပလနှင့်ပတ်သက်၍
““ဖဆပလအဖွဲ့ချုပ်က တစ်ခါ တလေ အပြောအဆို မှားတာရှိရင် ရှိမယ်။ တစ်ခါတလေလည်း အလုပ် နည်းနည်းပါးပါး မှားတာရှိမယ်။ သို့သော်လည်းပဲ စေတနာကတော့ သန့်ရှင်းလျက်ပါပဲ။ ဒါကျွန်တော် သေသေချာချာ ဝန်ခံရဲပါတယ်။ ဖဆပလအဖွဲ့က ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်တည်းက ဖောက်ပြန်သွား တဲ့လူရှိချင်ရှိမယ်။ သို့သော်လည်း အဖွဲ့အနေအားဖြင့် ဘယ်တော့မှ မဖောက်ပြန်ဘူးဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီအတိုင်းပဲ မဖောက်ပြန်တဲ့ သန့်ရှင်းတဲ့စေတနာ နဲ့ ခြေလှမ်းမှန်မှန်နဲ့နေပြီး၊ မြန်မာပြည် လွတ်လပ်ရေးရအောင်ဆိုပြီး အကောင် အထည်ပေါ်အောင် တစ်စ တစ်စ ရုပ်လုံးလည်း ကျွန်တော်တို့ ပေါ်လာခဲ့ ပြီ။ နောက်ရက်များ မကြာမီမှာဆိုရင် တစ်ဆင့်တက်ပြီး ခင်ဗျားတို့ အဲဒီ ရုပ်လုံးပေါ်လာတာကို မြင်ရအုံးမှာပဲ။ အဲဒီလို ပေါ်လာပြီးတော့ တစ်ဆင့် ထက် တစ်ဆင့်လုပ်တဲ့နေရာမှာ အကောင်းဆုံးအလွယ်ဆုံး အအေးဆုံး ဆိုတဲ့နည်းကို ကျွန်တော်တို့က ပထမ ရှေးဦးစွာ ကျွန်တော်တို့ရှာပြီးလုပ်မှာ ပဲ။ သို့သော်လည်းပဲ အဲဒီလိုလုပ်လို့ မရဘူးဆိုရင် ကျွန်တော်တို့ ရှေးကလည်း ပြောလာခဲ့တာတွေရှိပါတယ်။ ခင်ဗျားတို့ ပြန်စဉ်းစားကြည့်။ အေး အေးနဲ့ မရရင် ရနိုင်တဲ့နည်းနဲ့ လုပ်ရမှာပဲ။ ဒီတော့ တိုင်းပြု ပြည်ပြုလွှတ် တော်ကို အချုပ်အခြာအာဏာနဲ့ ပြည့်စုံ တဲ့ လွှတ်တော်မဟုတ်ဘူးလို့ ကျွန် တော်ပြောတယ်ဆိုတာက အေးအေး ချမ်းချမ်း အင်္ဂလိပ်အစိုးရနဲ့ ကျွန်တော် တို့ အဆီးအတား အဏာလွှဲပြောင်း ယူနိုင်အောင် ကျွန်တော်တို့ ပထမ ရှေးဦးစွာ ဒီသဘောကိုထားခြင်းသာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန် တော်တို့ ပိုင်းခြားသတ်မှတ်ထားတဲ့ အချိန်အခါရောက်လို့ အကြည် အသာဆိုတဲ့ ကိစ္စမျိုးမဖြစ်လို့ရှိရင် ကျွန်တော်တို့က အတင်းလုပ်မှာပဲဆို တာတော့ ဒါပြောထားပြီးသား။ ဘာမှ ကျွန်တော်တို့ထပ်ပြောနေစရာ မလိုပါဘူး””
၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက် ရန်ကုန်မြို့တော်ခန်းမကြီး၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ထိုအချိန်က တည်ရှိနေသော တိုင်းပြု ပြည်ပြု လွှတ်တော်ပုံသဏ္ဌာန်နှင့် တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရန် အာမခံကြောင်း၊ လွတ်လပ်ရေးရလျှင် လွတ်လပ်ရေးနှင့် ထိုက်တန်အောင် အလုပ် ကြိုးစားလုပ်ကြစေလိုကြောင်း စသည် တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ကိုးကား-စာပေဗိမာန်ထုတ် ပြည်သူ့ လက်စွဲစာစဉ် ““ဗိုလ်ချုပ်အောင်ဆန်း မိ
န့်ခွန်းများ””(၁၉၄၅-၁၉၄၇)

Blog မှာ Facebook Like Box ထည့်နည်း

ကျွန်တော့်လို Blogspot.com ကို စိတ်ဝင်စားတဲ့ မိတ်ဆွေများ အတွက် သေချာစမ်းသပ်ပြီးတော့ အဆင်ပြေတဲ့ Blog Like box ထည့်နည်းကို ဝေမျှပါ ရစေ။ 
အရင်ဆုံး အနေနဲ့ ဘလော့နဲ့ ချိတ်မယ့် Facebook page ထောင်လိုက်ပါ။ Page ထောင်နည်းကိုတော့ အသေးစိတ်မရေးတော့ပါဘူး။ 
https://developers.facebook.com/…/plugins/like-box-for-pages ဆိုတဲ့ လင့်ကို ဝင်လိုက်ပါ။ အဲ့ဒီမှာ Like box ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ ထဲက Page Plugin ဆိုတာကို နှိပ်ပြီး ဝင်လိုက်ပါ။ 
အဲ့ဒီက Facebook Page URL ထဲမှာ ကိုယ့် Page ရဲ့ လင့်ကို ထည့်လိုက်ပါ။ ပြီးရင် Get code ဆိုတာ ကို နှိပ်လိုက်ပါ။ ကုတ်တွေ ထွက်လာပါလိမ့်မယ်။ Javascript SDK နဲ့ IFrame ဆိုတာ ရှိတဲ့ အထဲက IFrame ကို နှိပ်လိုက်ပါ။ Step 2 ဆိုတဲ့ အကွက်ထဲက ကုတ်တွေကို ကူးလိုက်ပါ။
ပြီးရင် ကိုယ့်ဘလော ရဲ့ Layout ထဲ ဝင်ပါ။ Add a Gadget ကို နှိပ်ပြီး ပေါ်လာတဲ့ အထဲက HTML/JavaScript ထဲ ဝင်ပြီး အကွက်ထဲမှာ ခုနက ကူထားတဲ့ လင့်ကို Paste လုပ်ပေးလိုက်ပါ။ ပြီးတော့ save ပေးပြီးရင်တော့ မိတ်ဆွေရဲ့ ဘလော့မှာ Facebook Like box တစ်ခု ရပါပြီ။


ထက်အောင်ဖြိုး 
(ထက်အောင်ဖြိုးသည် Virtual Light ကို တည်ထောင်သူ တစ်ဦး ဖြစ်သည်)

အဝေးက အိမ် ဖြစ်လာနိုင်တဲ့ လမင်း တိုက်တန်

စေတန်ဂြိုလ် ရဲ့ လ ဖြစ်တဲ့ တိုက်တန် ဟာ နောင်တစ်ချိန်မှာ ကျွန်တော်တို့ရဲ့ အိမ် ဖြစ်ကောင်း ဖြစ်လာနိုင်ပါသတဲ့။ အေးခဲ နေတဲ့ အဲ့ဒီ လမင်းဟာ နောင်တစ်ချိန် နေမင်းကြီး ပိုပူပြင်းလာတဲ့ အခါ သက်ရှိတွေ နေထိုင်ဖို့ သင့်တော်တဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပြီး ကျွန်တော်တို့ရဲ့ အိမ် အသစ် ဖြစ်လာဖွယ် ရှိပါတယ်။ စိတ်မကောင်းစရာက အဲ့ဒီ ကာလ ကျရင်တော့ ကျွန်တော်တို့ မိခင်ကမ္ဘာကြီးကို ပူပြင်းစွာ ထားခဲ့ရမှာပါတဲ့။


တိုက်တန် ဟာ ကျွန်တော်တို့ လထက် ငါးဆယ်ရာခိုင်နှုန်း ပိုကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ နေအဖွဲ့စည်းထဲမှာ ဂျူပီတာဂြိုလ်ရဲ့လ Ganymede ပြီးရင် ဒုတိယ အကြီးဆုံး လ လည်း ဖြစ်ပါတယ်။ ဟိုက်ဒရိုကာဘွန် အရည်တွေ ရှိနေတဲ့ ရေကန်တွေက တိုက်တန်ပေါ်မှာ ရှိနေကြပါတယ်။ အဲ့ဒါကလည်း ကျွန်တော်တို့ အတွက် စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်လာနိုင်ပါသတဲ့။
နောက် ထူးခြားချက်တစ်ခုကတော့ အဲ့ဒီ လမှာ လေထု အလွှာလည်း ရှိနေပါတယ်။ Avatar ဇာတ်ကားထဲကလို ကျွန်တော်တို့ဟာ ပန်ဒိုရာ ဂြိုလ် အသစ်လို မျိုးကို နောင်တစ်ချိန် ခြေချရမှာလား ဆိုတာက စိတ်ဝင်စားစရာပါ။

ထက်အောင်ဖြိုး 
(ထက်အောင်ဖြိုး သည် Virtual Light ၏ ဦးဆောင်သူ တစ်ဦး ဖြစ်သည်)

နော်လူဝီဇာဘင်စင် သို့မဟုတ် မယ်ဗမာ

တခေတ် တခါက မြန်မာနိုင်ငံက အလှမယ် လည်းဖြစ် ရုပ်ရှင်မင်းသမီး အဆိုတော်လည်းဖြစ်တဲ့ နော်လူဝီဇာ ဘင်ဇင် ရဲ့ ဘ၀ ကောက်ကြောင်း ကို မကြာမီ မြန်မာ စာဖတ်ပရိသတ်တွေ ဖတ်ရှုကြရတော့မှာပါ။
နော်လူဝီဇာ ဘင်ဇင် ရဲ့ သမီး Charmaine Craig ရှာမိန်း ခရိတ် က "Miss Burma" "မယ်ဗမာ" အမည်နဲ့ မိခင် နော်လူဝီဇာ ဘင်ဇင် အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေ လိုက် ပါတယ်။ အခု ဒီစာအုပ်ကို ပြည်တွင်းက ထုတ်ဝေသူတစ်ဦးက မြန်မာဘာသာ ပြန်ဆိုနေပြီး မကြာမီမှာ ပရိသတ် ရှေ့မှောက်ရောက်တော့မှာပါလို့ ရှာမိန်းခရိတ်က ပြောပါတယ်။
ဒဏ္ဍာရီပုံပြင် ဆန်လှတဲ့ နော်လူဝီဇာ ဘင်ဇင် ဘဝ ဇာတ်လမ်းကို သမီးဖြစ်သူ စာအုပ်ရေးချင်နေတာ ဆယ်ကျော်သက် အရွယ်ကတည်းကပါ လို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေ တဲ့ ရှာမိန်း ခရိတ် က ဘီဘီစီကို အခုလို ပြောပါတယ်။
ရှာမိန်း ခရိတ် ။ ။ ကျမငယ်ငယ်ကတည်းက အမေရဲ့ ကျော်ကြားမှုတွေကို ကြားဖူးနေတယ်။ သူရုပ်ရှင် မင်းသမီးဖြစ်ခဲ့တာ၊ မစ္စဘားမား မယ်ဗမာ အလှမယ် ဘွဲ့ကို နှစ်ကြိမ်ဆွတ်ခူးရရှိခဲ့တာ၊ နောက်ပိုင်းမှာ ကရင်တော်လှန်ရေး ခေါင်းဆောင်နဲ့ အိမ်ထောင်ကျခဲ့ပုံ၊ ခင်ပွန်းသည် လုပ်ကြံခံရပုံ၊ အဲ့ဒီ နောက်မှာ သူကိုယ်တိုင် ကရင် တော်လှန်ရေး ခေါင်းဆောင်တစ်ဦး အနေနဲ့ သူ့ခင်ပွန်းရဲ့ တပ်ကို ဦးဆောင်ခဲ့ပုံတွေပါ။ ကျွန်မ သိပ်ကို စိတ်ဝင်စားတာကတော့ ကျွန်မသိကျွမ်းခဲ့ရတဲ့ ကျွန်မ ရဲ့ မိခင်၊ နောက် ကျွန်မ သိချင်နေတဲ့ ဒဏ္ဍာရီ ဆန်လှတဲ့ ရာဇဝင်တွင်တဲ့ ကျွန်မ ရဲ့ မိခင်ပါ။ ဒီလို ခြားနားလှတဲ့ ဘဝကို စာရေးချင်နေ တာ ကျွန်မ အထက်တန်းကျောင်းသူ ဘဝကတည်းကပါ လို့ ရှာမိန်း ခရိတ်က ပြောပါတယ်။
၁၉၆၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရနဲ့ Karen Revolutionary Council (KRC) အကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နောက် ၁၉၆၄ ခုနှစ်မှာ KRC တပ်မဟာ (၅) ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် လင်းထင် နဲ့ နော်လူဝီဇာ ဘင်ဇင်တို့ ရန်ကုန်မြို့မှာ တခမ်းတနား လက်ထပ်ခဲ့ပါတယ်။
အလွန်ချောမောလှပတဲ့ နံမည်ကျော် အလှမယ် နော်လူဝီဇာ ဘင်ဇင် ဟာ ကရင်လက်နက်ကိုင် အဖွဲ့ရဲ့ အရာရှိ ဗိုလ်မှူးချုပ် လင်းထင် နဲ့ လက်ထပ်လိုက်တဲ့ သတင်းက တစ်မြို့လုံး ဟိုးလေးတကျော် ဖြစ်သွား ပါတယ်။
ဗိုလ်မှူးချုပ် လင်းထင်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ကာကွယ်ရေး တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးခံနေရတဲ့ အချိန်မှာ ၁၉၆၅ခုနှစ်မှာ ဗိုလ်မှူးချုပ် လင်းထင် ဟာ စစ်ထောက်လှမ်းရေးရဲ့ ပစ်ခတ် သတ်ဖြတ်တာကိုခံရပါတယ်။ ခင်ပွန်းသည် အသတ်ခံရပြီး နောက်မှာ နော်လူဝီဇာ ဘင်ဇင် ဟာ သူ့ခင်ပွန်းရဲ့ တပ်သားတွေကို စုဆောင်းပြီ ကေအန်ယူ တပ်မဟာ ၅ နယ်မြေထဲ တိမ်းရှောင်သွား ပါတယ်။ အခုလို ကရင်လက်နက်ကိုင်တော်လှန်ရေးထဲ ခြေစုံပြစ်ဝင်လိုက်တဲ့ အခါမှာ အားလုံးက အံ့အားသင့်သွားပါတယ်။
ဒါပေမယ့် ကရင်လူမျိုးတွေ အကြားမှာတော့ သူ့ကို အထူး ကြည်ညိုလေးစားကြပါတယ်။
နော်လူဝီဇာ ရန်ကုန်မြို့မှာ နေထိုင်စဉ် မယ်ဗမာ၊ ရုပ်ရှင်မင်းသမီး ဘ၀မှာ ဗိုလ်ချုပ်ကြီးနေဝင်းအိမ်ကို မကြာခန ဝင်ထွက် သွားလာ ခဲ့တဲ့ အတွက် သူနဲ့ ဦးနေဝင်းကို စွပ်စွဲပြောဆို တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ကေအန်ယူနယ်မြေ ထဲကို တိမ်းရှောင်လာတဲ့ နော်လူဝီဇာဟာ တောတောင်ထဲမှာ အခက်အခဲ အမျိုးမျိုးတွေနဲ့ ရင်ဆိုင် ခဲ့ရပြီး နောက်ဆုံးမှာ သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူ အမေရိကန် နိုင်ငံသား Glen Craig ဂလင် ခရိတ်နဲ့ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ သူတို့ နှစ်ဦး လက်ထပ်လိုက်ကြပြီး ယောင်နောက် ဆံထုံးပါ ဆိုသလို သူ လည်း အမေရိကနိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ကို ပြောင်းရွှေ့နေထိုင် ခဲ့ပါတယ်။
အမေရိကန် မှာ နေထိုင်စဉ် နော်လူဝီဇာ ဟာ ထိုင်းမြန်မာ နယ်စပ်က ကရင် ဒုက္ခသည်တွေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ အခြေချနိုင်ဖို့ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါ တယ်။
ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေတဲ့ ကရင်လူမျိုးတွေအရေးကို အားကြိုးမန်တက် ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးလည်း ဖြစ်ပါတယ်။ ကရင်လူထုအပေါ် ထားတဲ့ သူ့ရဲ့ စေတနာ ကို ကရင် လူမျိုးတွေက အသိအမှတ်ပြုခဲ့ပြီး အခုချိန်ထိ ကရင်တွေ လေးစားခံရတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ သူ့သမီး ရှာမိန်းခရိတ်က ပြောပါတယ်။
ရှာမိန်းခရိတ်။ ။ လွန်ခဲ့တဲ့ ၂၂ နှစ်လောက်က ကျမ မြန်မာပြည် ဆီ အလည်အပတ် ရောက်ခဲ့တုံးက ကရင်တွေနဲ့ တွေ့တဲ့ အခါမှာ ကျွန်မ အမေဟာ အခုအထိ ကရင်တွေ အကြားမှာ ကျော်ကြားနေဆဲဆိုတာကို သိရတော့ ကျွန်မ ရင်ထဲမှာ နွေးထွေးတဲ့ ခံစားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ကရင်လူမျိုး တော်တော်များများအတွက် ရာဇဝင်တွင်တဲ့ သူတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီအပြင် သူဟာ ကရင်လူမျိုးတွေ အပြင် တခြားအဖိနှိပ်ခံလူတွေအတွက် လည်း ရှေ့တန်းက လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့ပါတယ်။ အမေရိကန်ကို မြန်မာဒုက္ခသည်တွေ ပြောင်းရွှေ့အခြေချနိုင်အောင် သူ အများကြီး လုပ်ပေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ကနေ ၂၀၁၀ ခုနှစ် သူ မကွန်လွန်ချိန်အထိ သူကဒုက္ခသည်တွေကို အကူအညီတွေ ပေးခဲ့ပါတယ်။ သူဟာ လူထုလေးစားတဲ့ ကရင် ခေါင်းဆောင်တဦးလို့ ကျမခံစားရတယ်။
နော်လူဝီဇာဟာ အမေရိကနိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူအဖွဲ့ ဖြစ်တဲ့ Burma Forum နှင့် US Campaign for Burma ရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာရုပ်ရှင်ကား အနည်းငယ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဆိုတော် တဦးလည်း ဖြစ်ပါတယ်။
နော်လူဝီဇာ ရဲ့ ဖခင်ဟာ ဂျူးလူမျိုးဖြစ်ပြီး မိခင် က ကရင်တိုင်းရင်းသူ တဦးဖြစ်တယ်။
သူဟာ ၂၀၁၀ ဖေဖေါ်ဝါရီလမှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကယ်လီဖိုးပြည်နယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
BBC Burmeseന

Facebook မှာလည်း Virtual Light ရှိနေပါပြီ

ကျွန်တော်တို့ရဲ့ Fcebook Page လိပ်စာ ဖြစ်ပါတယ်။ 
https://www.facebook.com/Virtual-Light-1521283551509394/?sw_fnr_id=2817901417&fnr_t=0

ဤေ န ရာ တွ င် က ဗျာ ဆ ရာေ အာ င်ေ ဝး ၏ ဖ ခ င် စ စ် သားေ ဟာ င်း ကြီး လဲ ေ လ် ာ င်း သ ည်

ကျနော့်နှလုံးသားထဲမှာပါအဖေ
အဖေ့ကိုဂုဏ်ပြုမြှုပ်နှံပရစေ။

ညောင်လေးပင်မြို့ က သုသန်ကလေးရေ
ငါ့ အဖေကို ငါမြှုပ်နှံပရစေ။

အခုတော့
အဖေက တပ်ကြပ်ကြီးအေးမောင်(ငြိမ်း) (ကွယ်လွန်)
အဖေ့သားကျနော်က ကဗျာဆရာအောင်ဝေး (ပြည်ပြေး)။

သားနဲ့ အဖေ တစ်မြေစီ တစ်ရေစီ
အဖေနဲ့ သား ဘဝခြားခဲ့ပြီ။

ရွှေဝါရောင်အလွန်မှာ
ကျနော်က အဖေနဲ့ အမေကိုထားခဲ့တယ်။

နာဂစ်မတိုင်မီကလေးမှာ
အမေက အဖေ့ကိုထားရစ်တယ်။

အခု အဖေက
အားလုံးကိုထားသွားပြီ။

ကျနော်ပြန်လာတဲ့အထိ
စောင့်ပါဦးတော့လားအဖေရယ်

တစ်နေ့ ကျနော်ပြန်လာမှာပေါ့ ။

အဖေ ကျနော့်ကိုမျှော်နေမယ်
အဖေ ကျနော့်အကြောင်းတွေးနေမယ်
ကျနော်သိတယ်။

ကျနော်အချိန်မီပြန်မလာနိုင်တာ
ခွင့်လွှတ်ပါအဖေ။

အခုတော့ ကျနော့်နှလုံးသားထဲမှာ
အဖေ့ကို မြှုပ်နှံလိုက်ရပြီ။

ညောင်လေးပင်မြို့ က သုသန်ကလေးရေ
ငါ့ အဖေကို ငါမြှုပ်နှံပရစေ။

အမေရေ
အဖေ့ကို ဆီးကြိုပါတော့။

အဖေရေ
ကျနော့်ကိုခွင့်လွှတ်ပါတော့။

သားဟာ အဖေ့ကိုဆန့် ကျင်ခဲ့တယ်
သားကိုခွင့်လွှတ်ပါအဖေ။

စစ်တပ်ဟာ
စစ်အာဏာရှင်စနစ်ကိုကာကွယ်ပေးထား
ကျနော် စစ်တပ်ကိုဆန့် ကျင်တယ်။

စစ်တပ်ကိုဆန့် ကျင်တဲ့ကျနော်
အဖေ့ကိုဆန့် ကျင်သလိုဖြစ်ခဲ့တယ်။

အခုတော့ အဖေ့ကိုကျနော်အားနာတယ်
အဖေက သားကို
ဘယ်တုန်းကမှ မဆန့် ကျင်ပါဘူး။

အမေရေ
အဖေ့ကို ဆီးကြိုပါတော့။

အဖေရေ
သားကိုခွင့်လွှတ်ပါတော့။

တရုတ်ဖြူတွေကိုတိုက်ခဲ့လို့ 
အဖေ့ရင်ဘတ်မှာ ပြည်ပရန်နှိမ်တံဆိပ်ကလေး
တိုင်းပြည်ကချိတ်ပေးဖူးတယ်။

ပြည်တွင်းစစ်ကြီးထဲက
ညောင်လေးပင်မြို့ လေးရဲ့ စစ်တန်းလျားတစ်ခုမှာ
ကျနော်မွေးခဲ့တယ်။

တော်လှန်ရေးကောင်စီခေတ်မှာ
အဖေက ဗ က ပ တွေကိုတိုက်တဲ့
အစိုးရစစ်သား။

မ ဆ လ ခေတ်ကိုရောက်တော့
ကျနော်က အစိုးရကိုတိုက်တဲ့
ဗ က ပ (မြေအောက်)ကျောင်းသား။

အဖေက တပ်မတော်ပါတီကော်မတီ
ကျနော်က ကျောင်းသားခေါင်းဆောင်ဘာမထီ။

ကျနော်ဝန်ခံပါတယ်
ကျနော့်နိုင်ငံရေးဟာ
မ ဆ လ စစ်အစိုးရကိုအလဲမထိုးနိုင်ခဲ့ဘူး။

ကျနော် ပထမဆုံးအကြိမ်
အကျဉ်းထောင်ထဲရောက်သွား
ဆိတ်ဖလူးရနံ့  (၁၉၇၆)။

သံတိုင်ကြားက
ကျောင်းသားခေါင်းဆောင် သားဖြစ်သူကို
သူ့ အဖေ တပ်မတော်ပါတီကေဒါက
ထောင်ဝင်စာ လာတွေ့ ရှာတယ်လေ။

ကျေးဇူးတင်ပါတယ်အဖေ
နရသိန်ထဲမှာ
သားဟာပျော်ပါတယ်။

ကျနော့်ကြောင့် အဖေ့ကို
စစ်တပ်က အငြိမ်းစားပေးလိုက်ပေါ့ 
ကျနော်စိတ်မကောင်းပါဘူးအဖေ။

ရာဇဝင်တွေဖြတ်သန်းသွားတယ်
ကံကြမ္မာရထားကြီးပေါ်မှာ
အဖေ အငြိမ်းစားစစ်မှုထမ်းဟောင်းကြီးဖြစ်လာတယ်။

ကျနော် ထောင်ကလွတ်လာတယ်
ကျနော် မြစ်ဝကျွန်းပေါ်ကိုပြန်တည်ဆောက်တယ်
ကျနော်အိမ်ထာင်ကျတယ်။

ဟိုတုန်းက
ကျောင်းသားသူပုန်တစ်ယောက်ရဲ့ အဖေ
နောက်တော့
အဖေဟာ ကဗျာဆရာရဲ့ အဖေ ဖြစ်လာခဲ့ပေါ့ ။

ကဗျာဆရာကမွေးတဲ့ ကလေးတွေရဲ့ 
ဘိုးအေဖြစ်လာခဲ့ပေါ့ ။

ရှစ်လေးလုံးအရေးတော်ပုံမှာ
တိုက်ပွဲဝင်နေတဲ့သူ့ သားကဗျာဆရာရဲ့ ဓာတ်ပုံ
သတင်းစာထဲကဖြတ်ပြီး
သူ့ အဖေစစ်သားဟောင်းကြီးသိမ်းပြန်သတဲ့။

ဟိုတုန်းက တပ်မတော်နေ့ အခမ်းအနားတွေ
သူ့ စစ်ဝတ်စုံအဟောင်းကြီး ထုတ်ထုတ်ဝတ်တတ်တဲ့မင်းတို့ အဖေ
ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာထုတ်ဝတ်တာမတွေ့ တော့ဘူး
အမေ ပြောပြဖူးတယ်။

ကျနော်ကလည်းကျနော်
လူထုတော်လှန်ရေးထဲမှာပျော်တယ်။

ကျနော် ဒုတိယအကြိမ်ထောင်ထဲရောက်သွား
ကျနော် ဒုတိယအကြိမ်ထောင်ကပြန်ထွက်။

ကျနော် တတိယအကြိမ်ထောင်ထဲရောက်သွား
ကျနော် တတိယအကြိမ်ထောင်ကပြန်ထွက်။

ယဉ်ကျေးမှုရှေ့ တန်းစစ်မျက်နှာမှာ
ကျနော်က အရေးတော်ပုံတပ်သားတစ်ယောက်။

ကျနော့်ကဗျာတွေ အဖေဖတ်မှာပဲ
(အမေက အမြဲဖတ်တယ်လေ)
ကျနော့်အနာဂတ်ကို အဖေကျေနပ်မှာပဲ
ကျနော့်အိမ်ထောင်ရေးလည်း အဖေစိတ်ချမှာပါ။

ကျနော့်သား အဖေ့မြေးတွေ
အင်ဂျင်နီယာ၊ ကွန်ပျူတာ ဘွဲ့ အသီးသီးရပြီ။

ကျနော့်ဇနီး အဖေ့ချွေးမ
ပါရမီဖက်ခင်မွန် ဘွဲ့ ရပြီ။

မြေးတစ်ယောက်ရဲ့ ဘွဲ့ နှင်းသဘင်
စည်တော်ယွန်းတဲ့အခါ မျက်ရည်ကျတာ
အဲဒီစစ်သားဟောင်းဘိုးအေကြီးပေါ့ ။

ညောင်လေးပင်မှာနေတဲ့အဖေဟာ
လွမ်းတဲ့အခါ
ရန်ကုန်မှာနေတဲ့သားဆီကိုလာတယ်။

ဖအေနဲ့ သား
ရေဒီယိုကလေးတစ်လုံးအလယ်ကောင်ချ
တစ်ညလုံး ခေါင်းချင်းဆိုင်နားထောင်ကြ။

သားနဲ့ အဖေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ
ဓနုဖြူကနေ ဒီပဲယင်းအထိ
ထင်မြင်ချက်ချင်းညှိကြ။

ကြည့်ရင်းကြည့်ရင်းမှာပင် လူတို့ သည်
ပရွက်ဆိတ်တမျှ သေးငယ်သွားကြကုန်၏ တဲ့
ဆရာမောင်သာရ ရေးခဲ့ဖူးတယ်။

တချို့ တွေ နေနိုင်လွန်းတယ်
ခိုင်ထူးသီချင်းလိုပဲ။

ဒီနေ့ ခေတ်မှာ
သူရဲကောင်းလည်းများသလို
သစ္စာဖောက်လည်းပေါတယ်။

ဒီနေ့ ခေတ်မှာ
ကိုယ်ကျိုးစွန့် အနစ်နာခံသူလည်းရှိ
အချောင်သမားစားဖားလည်းရှိ။

ကျနော် ဘာကောင်လဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးနေရတယ်။

ကျနော် ဘာလဲ ဘယ်လဲ
အဖေမမေးခင်
ကျနော့်ကိုယ်ကျနော် အရင်မေးရတယ်။

အဖေနဲ့ နောက်ဆုံးတွေ့လိုက်ရ
ရွှေဝါရောင်အထွေထွေသပိတ်ကြီးအစ။

အဖေက ကျနော့်ကို
ကျော်သူအကြောင်းမေးတယ်။

အဖေက ကျနော့်ကို
ဇာဂနာအကြောင်းမေးတယ်။

အဖေက ကျနော့်ကို
ကျနော့်အကြောင်းမမေးဘူး။

ဒီလိုနဲ့ 
ရွှေတိဂုံသပိတ်စခန်းဖြိုခွဲခံရ။

ရွှေဝါရောင်အလွန်မှာ
ကျနော်က အဖေနဲ့ အမေကိုထားခဲ့ရ။

နာဂစ်မတိုင်မီကလေးမှာ
အမေက အဖေ့ကိုထားရစ်ပြန်ခဲ့။

အခု အဖေက
အားလုံးကိုထားသွားခဲ့ပြီ။

သားပြန်လာတဲ့အထိတော့
စောင့်ပါဦးလားအဖေရယ်

သား တစ်နေ့ ပြန်လာမှာပေါ့ ။

တစ်နေ့ 
အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်းရောက်မှာပေါ့ ။

အခုတော့
ကျနော့်နှလုံးသားထဲမှာ
အဖေ့ကို မြှုပ်နှံလိုက်ရပြီ။

ဤနေရာတွင်
ကဗျာဆရာအောင်ဝေး၏ဖခင်
စစ်သားဟောင်းကြီးလဲလျောင်းသည်

ကျနော့်နှလုံးသားထဲမှာပါအဖေ
အဖေ ကောင်းရာသုဂတိရောက်ပါစေ။ ။

အောင်ဝေး
(၂ဝ၁၁၊ ဇူလိုင် ၂ဝ အဖေကွယ်လွန်သည်)